၁။ အရှင်ဂုဏသာမိ (M.A) (ကြာအင်းဆိပ်ကြီး)
၂။ အရှင်က၀ိသာရ (M.A) (ဘီးလင်း)
၃။ အရှင်ဥာဏောဒယ (B.A) (ဘားအံ)
၎။ အရှင်နိမလ (B.A) (M.A) (လှိုင်းဘွဲ)
၅။ အရှင်မေဓာနန္ဒ (B.A) (M.A) (ကော့ကရိတ်)
၆။ အရှင်အိန္ဒာစရိယ (M.A) (ကြာအင်းဆိပ်ကြီး)
၇။ အရှင်တေဇနိယ (M.A) (ကြာအင်းဆိပ်ကြီး)
၈။ အရှင်အိန္ဒောဘာသ (M.A) (ဘားအံ)
၉။ အရှင်ပညောဘာသ (M.A) (လှိုင်းဘွဲ)
၁၀။ အရှင်သုနန္ဒ (B.A) (M.A) (ဘားအံ)
၁၁။ အရှင်မင်္ဂလာဒီပ (M.A) (ဘားအံ)
၁၂။ အရှင်ကုဏ္ဍလ (M.A)(ဘားအံ)
၁၃။ အရှင်အရိယ၀ံသ (M.A)(ဘားအံ)
၁၄။ အရှင်အာလောက (M.A)(ကော့ကရိတ်)
ပေါလောနာရုဝနဲ့ခေတ်ပြိုင် မဒိရိဂိရိယရှေးဟောင်းနေရာ
သီရိမဟာဗောဓိညောင်ပင်ခြေတော်ရင်း ဖူးမျှော်ကြည်ညိုရန် တက်ရောက်စဉ်
နယုန်လဆန်း(၁၃)ရက်.သောကြာနေ့။ 05/06/2009.
သီရိလင်္ကာရောက်ပညာတော်သင်ကရင်ရဟန်းတော်များသည် သီရိလင်္ကာနိုင်ငံရှိရှေးဟောင်းပုထိုး စေတီတော်နေရာများနှင့် BotanicalGarden,Seesightစသောနေရာများလေ့လာရန် ဒေသစံတော် ချိန် နံနက်(6:30)တွင် ကိုလံဘိုမြို့မကုဋာရာမမြန်မာကျောင်းတော်ကြီးမှခရီးစဉ်ကိုစတင်ထွက်ခွါခဲ့ ကြသည်။
မနက် (9:46)အချိန်တွင် ကိုလံဘိုမြို့တော်နှင့် ကီလိုမီတာ (၆၀)ခန့်ဝေးကွာသော ရတနပူရမြို့ကို ရောက်ရှိပြီး ထိုမြို့တွင်တည်ရှိသောပေါဂုမဟာရာဇဗောဓိ(တောင်ပေါ်)ဘုရား(Pothgumaharajabo dhi)သို့ တက်ရောက်ဖူးမျှော်ခဲ့ကြပါသည်။
ထိုနောက် သီရိလင်္ကာနိုင်ငံတွင် ကမ္ဘာမှာဒုတိယအများဆုံး လက်ဖက်တင်ပို့သော နေရာဟု ကြော်ကြားသော အနုဝါရတောင်ပေါ်မြို့တော်နှင့် ထိုတောင်ပေါ်ရှိ မြင်ကွင်းများလေ့လာရန်ဆက် လက်ခရီးနှင်ပြီး မနက် (11:20) တွင် တောင်ပေါ်ကားလမ်းဘေးတစ်နေရာရှိ ကင်းတဲရုံပေါ်တွင် နေ့ဆွမ်းဘုဉ်းပေးခဲ့ကြပါသည်။ ကိုလံဘိုမြို့တော်နှင့် အနုဝါရမြို့ဟာ ကီလိုမီတာ (၁၂၀)ခန့် ကွာဝေး သည်။
ခရီးနှင်ရင်း….ညနေ(3:20)အချိန်တွင် Keppetipolaမြို့မှာခရီးတထောက်နားပြီး အအေး,ကော်ဖီ, တီးများ သောက်ကာ ခေတ္တအနားယူကြသည်။
ညနေ(3:50)အချိန်တွင် Haggala,Nuwaraeliya မြို့ရှိ Botanical Garden သို့ လေ့လာခဲ့ကြပြီး ခရီးလမ်း တလျှောက် တောင်တန်းပေါ်တွင် လက်ဖက်များ သေသပ်လှပစွာ စိုက်ပျိုးထားတာကို မျက်စိတဆုံး ရင်သပ်ရှုမောဖွယ် တွေ့မြင်ရပါသည်။
ညနေ(5:00)အချိန်တွင် ယင်းမြို့ရှိRestHouseတစ်ခုမှာရောက်ပြီးတစ်ညတာအနားယူကျိန်းစက်ခဲ့ ကြသည်။ ဒီနိုင်ငံ တွင် ရှုမျှော်ခင်းအလှပဆုံးနှင့်အအေးဆုံးနေရာတစ်နေရာလို့လည်း ဆိုနိုင်ပါသည်။ ဒီတွင် တစ်နေ့တာ ခရီးစဉ်အတွက် ကုန်ဆုံးသွားခဲ့ပေသည်။
အနုရာဓပူရမြို့တွင် တည်ရှိသော မြန်မာကျောင်းတော် (လက်ရှိကျောင်းထိုင် မွန်ဆရာတော်)
နယုန်လဆန်း(၁၄)ရက်.စနေနေ့။ 06/06/2009.
နယုန်လဆန်း(၁၄)ရက်.စနေနေ့မနက်ပိုင်း(6:54) အချိန်တွင်ယင်းRestHouseမှပြန်လည်ထွက်ခွါခဲ့ကြ ပြီး အဖွဲ့သားအားလုံး မြတ်ဗုဒ္ဒစွယ်တော်ထားရှိရာ ဂန္ဒီမြို့တော်ကို ခရီးစတင်ခဲ့ကြပြန်သည်။ အနုဝါရမြို့ တော်နှင့် ဂန္ဒီမြို့တော်တို့အကြား သပ်ရပ်လှပသော တောင်ပေါ်ကားလမ်းနှင့် ရှုခင်းများကိုလည်း မြန် မာနိုင်ငံသားတစ်ယောက်ဖို့ ကောင်းလေစွဟု ရင်ထဲတွင်ချည်းကြူးမိတာအမှန်ပင်။
မနက်ပိုင်း (9:43) အချိန်တွင် ဂန္ဒီမြို့(Gandy)ရှိ အလွန်ထင်ရှားကျော်ကြားသော ဗုဒ္ဓမြတ်စွယ်တော်ကို ၀မ်းမြောက်ဝမ်းသာ ဖူးမျှော်ကန်တော့ခဲ့ကြသည်။ စာရေးသူအနေနဲ့ ဒီတစ်ကြိမ် ကံကောင်းတယ်လို့ ပြောရမည်။ ဗုဒ္ဒမြတ်စွယ်တော်ကိန်းဝပ်ရာ စွယ်တော်တိုက်အတွင်း ၀င်ရောဖူးမျှော်ခွင့်ရသွားလို့ဖြစ် ပါသည်။ စွယ်တော်တိုက်အတွင်းဝင်ဖို့ မဆိုထားနဲ့ အပြင်မှာ ဖူးမျှော်ခွင့်ရဖို့တောင် နာရီအတော်ကြာ တန်းစီပြီးမှ ဖူးမျှော်ခွင့်ရပါသည်။
နယုန်လဆန်း(၁၄)ရက်အဖိတ်နေ့ဖြစ်သဖြင့်ဘုရားဖူးလာဧည့်သည်များလွန်စွာပေါများစည်ကားလှပါသည်။ ကျောင်းသူလေးအဖွဲ့များက စွယ်တော်မြတ်ကိုဓမ္မတေးဖြင့် သီဆိုကာပူဇော်ကန်တော့ကြသည်။
သီရိလင်္ကာနိုင်ငံသားများ ယုံကြည်ထားတာတစ်ခုရှိသည် ဗုဒ္ဒမြတ်စွယ်တော်နှင့် သီရိမဟာဗောဓိ ညောင်ပင်ရှိနေသေးသရွေ့ ဘယ်ရန်သူများမှ သူတို့ကို အနိုင်မယူနိုင်ခြင်းပင်ဖြစ်သည်။
စွယ်တော်မြတ်ကိုဓမ္မတေးဖြင့် သီဆိုကာပူဇော်ကန်တော့ကြ ကျောင်းသူလေးများ
(11:10)အချိန်တွင် Gandyမြို့ပေါ်ရှိမြန်မာကျောင်းတွင်နေ့ဆွမ်းဘုဉ်းပေးခဲ့ကြပြီးခေတ္တအနားယူကြ ပြန်သည်။
နေ့လည်(1:30)အချိန်တွင်မာတလေ(Matale)နယ်မြေမြန်မာအခေါ်(မလယဇနပုဒ်)တွင်ဒုဋ္ဌဂါမဏိမင်းလက်ထက် အရှင်မဟာဓမ္မရက္ခိတဦးဆောင်သောမထေရ်(၅၀၀)တို့ပေထက်အက္ခရာဖြင့်စတုတ္ထသင်္ဂါ ယနာတင်ရာနေရာသို့ ရောက်ရှိကြည်ညိုခဲ့ကြသည်။
နေ့လည်(2:32)အချိန်တွင် နာလန္ဒဂေဒိဂေ(NalandaGedige)လို့ခေါ်တဲ့သီရိလင်္ကာကျွန်းအလယ်ဗဟိုချက်မနေရာသို့ ကြည့်ရှုလေ့လာခဲ့ကြသည်။
နာလန္ဒဂေဒိဂေ(NalandaGedige)လို့ခေါ်တဲ့သီရိလင်္ကာကျွန်းအလယ်ဗဟိုချက်မနေရာ
နေ့လည်(3:20)အချိန်တွင်DambullaRockTempleလို့ခေါ်တွင်သောဒမ္ဗူလကျောက်ဆောင်ဘုရား ကျောင်းသို့ ရောက်ကာ ဖူးမျှော်ကြည်ညိုခဲ့ကြပြန်သည်။
ထိုမှတဆင့် ရှေးဟောင်းသုတေသနမြို့တော်ဟု လူသိများသော အနုရာဓပူရမြို့သို့ ညအိပ်ချိန်မှီ ဆက် လက်ခရီးနှင်ခဲ့ကြပြီး ညနေ(5:50) နာရီတွင် အနုရာဓပူရမြို့နှင့် (၄) ကီလိုမီတာခန့်ကွာဝေးသော သီရိလင်္ကာနိုင်ငံကို ဗုဒ္ဒဘာသာအဖြစ် ပထမဦးဆုံး သာသနာမျိုးစေ့ချပေးခဲ့သော မဟိန္ဒမထေရ် ၏ ကိန်းဝတ်စံပျော်ရာ မဟိန္တလေ(Mihintale)တောင်သို့ ရောက်ရှိခဲ့ကြသည်။ နယုန်လပြည့်နေ့သည် မဟိန္ဒမထေရ်၏ သီဟိုရ်ကျွန်းသို့ ကြွလာရာနေ့ဖြစ်သောကြောင့် ထိုမဟိန္တလေတောင်၏ ဘုရားပွဲ တော်နေ့လည်း ဖြစ်သည်။ ဒါကြောင့် ဘုရားဧည့်သည်များ ကြက်ပျံမတတ်စည်ကားလှပေသည်။ မဟိန္တလေတောင်ဘုရားပွဲတော်သည် နှစ်စဉ် ဘုရားဖူးဧည့်သည်ပေါင်း ငါးသိန်းခန့်လာရောက်ဖူး မျှော်ကြသည်ဟု ဒေသခံအာဏာပိုင်စာရင်းအရသိရှိရသည်။
ညနေ(8:10)အချိန်တွင်အနုရာဓပူရမြို့(Anuradhapura)ရှိမြန်မာကျောင်းသို့ရောက်ပြီးတစ်ညတာ အနားယူကျိန်းစက်ခဲ့ကြသည်။
နယုန်လပြည့်တနင်္ဂနွေနေ့။ 07/06/2009.
မနက် (6:30)တွင် အနုရာဓပူရမြို့ရှိမြန်မာကျောင်းကျောင်းထိုင်ဆရာတော်ကိုအားလုံးညီညာစွာကန်တော့ ခဲ့ကြပြီး မနက်(7:50) အချိန်တွင် ဘုရားပွင့်တော်မူရာ ဒက္ခိဏသာခါမဟာဗောဓိပင်ကို ဖူးမျှော်ကန် တော့ခဲ့ကြသည်။ ထိုနေ့တွင် လပြည့်နေ့ဖြစ်သောကြောင့်၎င်း၊ မဟိန္ဒမထေရ် သီဟိုရ်ကျွန်းသို့ ကြွလာ ရာနေ့ဖြစ်သောကြောင့်၎င်း အထူးပင်စည်ကားလှပေသည်။ သီရိမဟာဗောဓိပင် ၀န်းကျင်နားတ၀ိုက် တွင် ဥပုသ်လာရောက်ဆောက်တည်သူနဲ့ ဘုရားဖူးသူများမှာ တိုးမပေါက်လောက်အောင်များပြားလှ ပါသည်။
သီရိမဟာဗောဓိညောင်ပင် ပရ၀ုဏ်အတွင်း ဥပုသ်လာရောက်ဆောက်တည်သူများ
ထိုများပြားလှသော လူအပေါင်းတွင် ဗောဓိပင်ခြေရင်းကို ဖူးမျှော်ကြည်ညိုခွင့်မရရှိကြပါ။အကြောင်းမှာ များပြားလှသောလူအပေါင်းကို ခွင့်ပြုခဲ့မယ်ဆိုရင် ဗောဓိပင်ရဲ့ ရေရှည်တည်တန့်မှု၊ ပျက်သုဉ်းမှုဖြစ် ပေါ်မည့်အရေးမှ ကာကွယ်ထားခြင်းကြောင့်ဖြစ်ပေသည်။ သို့သော် နိုင်ငံခြားသားဗုဒ္ဒဘာသာရဟန်း များမူ ဗောဓိပင်ဖူးမျှော်ကြည်ညိုခွင့်ရရှိခဲ့ကြပါသည်။ စာရေးသူအနေနဲ့ ဗောဓိပင်ခြေတော်ရင်းကို ဖူး မျှော်ကြည်ညိုခွင့် ရရှိသည့်အတွက်ကြောင့် အထူးပင်ကျေနပ်မိပါသည်။ ရတောင့်ရခဲသောအခွင့်အ ရေးတစ်ခုကို ရရှိခဲ့ခြင်းဖြစ်သည်ဟု ခံစားမိသည်မှာအမှန်ပင်။
ထိုနောက် အနုရာဓပူရမြို့တွင် တည်ရှိသော ရှေးဟောင်းပုထိုးစေတီတော်အနည်းကျဉ်းသာဖူးမျှော် ခဲ့ပြီး ကျန်ရှိသောနေရာများမှာ ဘုရားဖူးဧည့်သည်အလွန်များပြားသည့်အတွက် ကားဝင်ထွက်ရန် အလွန်ခက်ခဲသောကြောင့် အားလုံးဖူးမျှော်ခွင့်မရခဲ့တော့ပါ။
ထိုမှတဆင့် သီရိလင်္ကာနိုင်ငံမြောက်ဖက်ခြမ်းတည်ရှိသော အနုရာဓပူရမြို့နှင့် ကီလိုမီတာ (၆၀)ခန့် ဝေးကွာသော ပေါလောနာရုဝနဲ့ခေတ်ပြိုင် မဒိရိဂိရိယရှေးဟောင်းနေရာသို့ ခရီးဆက်ခဲ့ကြသည်။ မနက်(11:40)အချိန်တွင် လူသူကင်းစင်းရာကားလမ်းမကြီးဘေးနားတစ်နေရာမှာနေ့ဆွမ်းဘုဉ်းပေး ခဲ့ကြပြီး
နေ့လည်(1:15)တွင် ပေါလောနာရုဝနယ်(Polonnaruwa)မဒိရိဂိရိယဘုရား(Medirigiriya)ရှေး ဟောင်းပုထိုးတော်နေရာသို့ ရောက်ရှိကာ ထိုပုထိုးတော်နေရာဟောင်းကို လေ့လာဖူးမျှော်ခဲ့ကြသည်။
ထိုမှ ကီလိုမီတာ (၄၀)ခန့်ဝေးကွာသော သောမ၀တီစေတီ ရှိရာသို့ ခရီးနှင်ကြပြန်သည်။ ဤလမ်းခရီး သည် အနည်းငယ်ကြမ်းတမ်းပြီး သို့သော် မြ၀တီလမ်းမကြီးနဲ့ယှဉ်ရင် အများကြီးသာပါသည်။ ဒီဘုရား နှစ်ဆူသည် ဒီနှစ်မှသာလျှင် ဘုရားဖူးဧည့်သည်များ စည်ကားလာခဲ့သည်။ လွန်ခဲ့သောနှစ်များအတွင်း တမီးလ် ကျားသူပုန်များ စိုးမိုးထားသောနေရာဖြစ်သောကြောင့် ဘုရားဖူးဧည့်သည်များ သိပ်မလာကြ ပါ။ အခုလည်း မြန်မာရဟန်းများထဲမှာ စာရေးသူတို့အဖွဲ့သည် ပထမဆုံးဘုရားဖူးရောက်ရှိလာသော အဖွဲ့ဖြစ်သည်။
ညနေ (4:26)တွင် သောမ၀တီ(Somawathiya)စေတီသို့ ရောက်ရှိဖူးမျှော်ခဲ့ကြသည်။
ထိုမှ ကီလိုမီတာ (၄၀)ခန့်ဝေးကွာသော ပေါရောနာရုဝသို့ ခရီးပြန်လှည့်ခဲ့ကြပြီး ညနေ(7:30) တွင် ပေါရောနာရုဝမြို့သို့ရောက်ရှိကာ တစ်ခုသော Rest House မှာ တစ်ညတာအနားယူခဲ့ကြသည်။
နယုန်လပြည့်ကျော် (၁)ရက်နေ့..
မနက် (၇.၀၀)အချိန်တွင် တည်းခိုရာအိမ်မှ ထွက်ခွာခဲ့ကြပြီး ပေါလောနာရုဝဧရီယာရှိ ရှေးဟောင်းနေ ရာများ ဆက်လက်လေ့လာရန် ခရီးစတင်ခဲ့ကြသည်။
မနက် (၇.၂၀)တွင် ပရက္ကမဘာဟုမင်း၏ ရုပ်ထုတော်ကို လေ့လာခဲ့ကြပြီး ထိုနေရာတစ်ဝိုက်တွင် တည် ရှိသောစေတီပုထိုးများနှင့် ကျောင်းတော်ရာများကို လေ့လာခဲ့ကြသည်။
မနက်(၇.၅၀)တွင်(Archaeological Musemum and Information Centre)ပေါလောနာရုဝသမိုင်းပြ တိုက်ကို လေ့လာခဲ့ကြသည်။ နောက်ပြီး Dalad-Maluva အဆောက်အဦး၊Thuparamaရုပ်ပွါးတော်နှင့် သီဟိုရ်သာသနာ့သမိုင်းတွင်အလွန်ထင်ရှားသောအဘယရဂိရိဂိုဏ်းသားရဟန်းတော်များတည်တောင်ခဲ့ကြသော ကျောင်းတော်ရာများကို လေ့လာကြည်ညိုခဲ့ကြသည်။
ထိုအဘယဂိရိဂိုဏ်းသားရဟန်းတော်များ တည်ထောင်ခဲ့ကျောင်းတော်ကြီးသည် နယ်မြေအကျယ် အ၀န်းအားဖြင့် ဧက (၃၀)ခန့်လောက် ရှိမည်ထင်သည်။ ကံကြီးကံငယ်ဆောင်သော သိမ်တော်၊ တရား ထိုင်ရန် ကမ္မဋ္ဌာန်းတိုက်၊ စာပေသင်ကြားရာကျောင်းဆောင်၊ ရေချိုးကန်…စသည်အားဖြင့် တည် ဆောက်ထားပါသည်။ ဒါကို ကြည့်ခြင်းအားဖြင့် တစ်ချိန်တုံးက သီဟိုရ်သာသနာဘယ်လောက်ထွန်း ကားခဲ့သည်ဆိုတာ မှန်းဆ၍ရနိုင်ပါသည်။
မနက် (၁၀.၂၀)နာရီတွင် Gal Vihara ကျောင်းတော်သို့ရောက်ရှိကာ ရပ်တော်မူ၊ ထိုင်တော်မူ၊ လျှေင်းတော်မူရှင်တော်ဘုရား၏ ရုပ်ထုတော်များကို ဖူးမျှော်ကန်တော့ခဲ့ကြသည်။
( ပေါလောနာရုဝဧရိယာရှိ ရှေးဟောင်ဗုဒ္ဒရုပ်ထုတော်များနှင့် ကျောင်းတော်ရာများကို သီရိလင်္ကာနိုင်ငံ တက္ကသိုလ်တိုင်းတွင် Architecture ဘာသာရပ်ကို ဘာသာရပ်တစ်ခုအနေဖြင့် သင်ယူကြရ သည်)
ထိုဧရိယာအတွင်းရှိ Tivanka Image House ရပ်တော်မူမြတ်စွာဘုရားကိန်းအောင်းစံပါယ်ရာ ကျောင်းဆောင်ကိုလည်း သွားရောက်ဖူးမျှော်ခဲ့ကြသည်။
ထိုနောက် သီဟိုရ်တွင် Architecture အရာနှင့် သမိုင်းကဏ္ဍအလွန်ထင်ရှားသော စိဂိရိယတောင်ကို ခရီးဆက်ကြပြီး မနက် (၁၁.၄၀)တွင် ခရီးအကြားအေးချမ်းသာယာသော လမ်းမကြီးတနေရာဝယ် နေ့ဆွမ်းဘုဉ်းပေးခဲ့ကြသည်။
နေ့လည် (၁၂.၄၅)အချိန်တွင် စိဂိရိယတောင်နှင့် မြောက်ဖက်ခြမ်းတွင်တည်ရှိသောRajamahavihara ကျောင်းတော်သို့ ရောက်ရှိခဲ့သည်။ ထိုကျောင်းတော်သည် ဗြဟ္မင်အက္ခရာမှ သီဟိုရ်ဘာသာသို့ ဘာ သာပြန်ဆိုသော ပထမဆုံးနေရာလည်းဖြစ်သည်။
တစ်ဆက်တည်းမှာပဲ စိဂိရိယတောင်လိုပင် မြင့်မားသော (စိဂိရိယတောင်နားတွင်တည်ရှိသော) Pidukargara Ajimaha Vihara Sigiriya တောင်ထိပ်သို့ တက်ရောက်လေ့လာခဲ့ကြသည်။
နေ့လည် (၂.၃၀)တွင် စိဂိရိယတောင်သို့ရောက်ရှိကာ အုပ်စုဓောတ်ပုံရိုက်ခဲ့ကြပြီး ပေ (၆၈၀)မြင့်သော တောင်ထိပ်သို့ တက်ရောက်လေ့လာခဲ့ကြသည်။ ထိုတောင်ထိပ်တွင် ကဿပမင်းကြီးသည် သူ့ရဲ့ နောင်တော် မောဂလာနမင်းကို စစ်ရှုံးသည့်အတွက် (၁၈)နှစ်ကြာ ပုန်းအောင်းခဲ့သည်။ ထိုတောင်နား တ၀ိုက် ကြုံးပတ်ပတ်လည်တူးထားပြီး ရှေးဟောင်းနန်းတော်အဆောက်အဦးမြောက်များစွားတွေ့ရှိရ သည်။
ထိုမှတစ်ဖန် ညနေ (၄.၃၀) အချိန်တွင် ကီလိုမီတာ (၁၇၀)ခန့် ကွာဝေးသော ကိုလံဘိုမြို့တော်သို့ ပြန်လည်ထွက်ခွာကြတော့သည်။
ညနေ (6:50)တွင် ထိုခရီးလမ်းဝယ် ကုရုနင်္ဂလမြို့တွင်တည်ရှိသော Rock Temple လို့လူသိများသော ဂျပန်မှ လှူဒါန်းကိုးကွယ်တည်ဆောက်ထားသော ထိုင်တော်မူကျောက်ဆင်းတုတော်ကြီးကို တက် ရောက်ဖူးမျှော်ခဲ့ ကြသည်။
ည (၉.၃၀) အချိန်တွင် ကနော်တို့ အခြေစိုက်ရာ ကိုလံဘိုမြို့၊ မကဋာရာမ-မြန်မာကျောင်းတော်ကြီးသို့ ခရီးစဉ်အားလုံးအဆင်ပြေချောမွေ့စွာဖြင့် ပြန်လည်ရောက်ရှိခဲ့ကြသည်။
၂၀၀၉-ခုနှစ် သီဟိုရ်ဘုရားဖူးမှတ်တမ်းတင်သူ = အရှင်ပညောဘာသ
ပြန်လည်တည်းဖြတ်သူ = အရှင်မေဓာနန္ဒ
No comments:
Post a Comment